ဖားအုပ်စုကြီးတစ်စု



ဖားအုပ်စုကြီးတစ်စုဟာ တောအုပ်တစ်ခုကို ဖြတ်သန်းခရီးနှင်နေတုန်း သူတို့ထဲကနှစ်ကောင်ဟာ တွင်းခပ်နက်နက်ထဲကို ချော်ပြီးပြုတ်ကျသွားကြတယ်။ တခြားဖားတွေလည်း တွင်းပတ်ပတ်လည်မှာ လာရောက်စုရုံးကြပြီး တွင်းထဲကိုဝိုင်းငုံ့ ကြည့်လိုက်တော့ တွင်းကအတော်လေးကို နက်ရှိုင်းနေတာကိုမြင်ကြသည့်အခါ ထိုဖားနှစ်ကောင်အတွက်တော့ မျှော်လင့်ချက် တစ်စုံတစ်ရာမျှ မရှိတော့ကြောင်း သူတို့ကပြောလိုက်ကြတယ်။ ဒါပေမယ့် ထိုဖားနှစ်ကောင်တို့ကတော့ တခြားဖားတွေရဲ့ ပြောသမျှစကားသံတွေကို ဥပေက္ခာပြုပြီး တွင်းထဲကနေ ထိုတွင်းဝပေါ်ကို ခုန်ထွက်ဖို့ အစွမ်းကုန် ဆက်လက်ကြိုးစားကြတယ်။ သူတို့ဘယ်လောက်ပဲ ကြိုးစားအားထုတ်ကြသော်လည်း တွင်းထိပ်ဝတွင်ရှိသည့် ဖားအုပ်ကြီးကတော့ သူတို့ကို လက်လျှော့လိုက်ဖို့ နှင့် ဘယ်တော့မှ တွင်းထဲကနေခုန်ထွက်နိုမှာမဟုတ်‌ကြောင်းကိုပဲ ထပ်ခါတလဲလဲ အော်ပြောနေဆဲပါပဲ။

နောက်ဆုံးမှာတော့ ထိုဖားနှစ်ကောင်ထဲက တစ်ကောင်ဟာ တခြားဖားတွေပြောနေတာကို အရေးစိုက်ကာ နားယောင်သွားပြီး လက်လျှော့လိုက်သည့်အခါတွင် မြေပေါ်သို့လဲကျသေဆုံးသွားပါတော့တယ်။ ကျန်တဲ့တစ်ကောင်ကတော့ သူခုန်နိုင်သမျှ ဆက်လက်ပြီး အစွမ်းကုန်ကြိုးစားခုန်တက်နေတုန်းပါပဲ။ တွင်းအပေါ်က ဖားအုပ်စုကလည်း ဆက်အနာခံမနေတော့ဘဲ လက်လျှော့လိုက်ပြီး အသေခံဖို့ကိုသာ အကြိမ်ကြိမ်အော်ဟစ် ပြောဆိုနေကြတုန်းပဲ။ သူကတော့ ပိုလို့တောင်ကြိုးစားကာ အစွမ်းကုန်ခုန်တက်ခဲ့ရာ နောက်ဆုံးမှာတော့ အပေါ်ကိုရောက်သွားပါတယ်။ အပေါ်ကိုရောက်တော့ တခြားဖားတွေက သူ့ကို "မင်း ငါတို့ပြောတာတွေ၊ အော်ဟစ်နေတာတွေကို လုံးဝမကြားဘူးလားကွာ" လို့ မေးလာကြတယ်။ သူကလဲ နားလေးနေကြောင်း၊ ဘာမှမကြားရကြောင်း နှင့် သူ့အား တချိန်လုံး ဖားအုပ်ကြီးက အားပေးအော်ဟစ်နေတယ်လို့သာ ထင်ခဲ့ကြောင်းရှင်းပြလိုက်ပါတယ်။

 

ဒီပုံပြင်လေးကနေ ပေးတဲ့သင်ခန်းစာ

💭  လျှာနှင့် စကားလုံးတို့ကြောင့် အသက်ရှင်သန်ခြင်းကို ဖြစ်စေသလို အသက်ဆုံးရှုံးရသည့်အထိကိုလဲ ဖြစ်စေတတ်ပြန်တယ်။ စိတ်ဓာတ်ကျနေတဲ့သူတစ်ယောက်အတွက် တိုက်တွန်းခွန်အားပေးသည့် စကား၊ အပြုသဘောဆောင်သည့် စကားတွေဟာ ထိုလူတစ်ဦးတစ်ယောက်အား ထူမမြှင့်တင်ပေးနိုင်ပြီး သူ့ရဲ့တစ်နေ့တာအတွက် ဖြတ်သန်းနိုင်ဖို့ တွန်းအားတစ်ခုဖြစ်သွားစေနိုင်ပါတယ်။

💭  စိတ်ဓာတ်ကျနေတဲ့သူတစ်ယောက်အတွက် အဖျက်သဘောဆောင်သည် စကားလုံးတွေဟာ ထိုသူတစ်စုံတစ်‌‌ယောက်အား အသက်ဆုံးရှုံးစေတဲ့အထိ ဖြစ်စေတတ်ပြန်တယ်။

Story Credit: Author Unknown
Source: Wealthy Gorilla
Photo Credit: Insider
Burmese Translation: Classy Lian
14/01/2020

Comments

  1. ဖတ်လို့ကောင်းတယ် သင်ခန်းစာလဲရပါတယ်

    ReplyDelete
  2. များများတင်ပေးပါ

    ReplyDelete

Post a Comment