ကျိန်းသေပေါက်အောင်မြင်မယ့် CDM




ကျိန်းသေပေါက်အောင်မြင်မယ့် CDM

ဒီနေ့ တစ်နေကုန်နီးပါး ဖုန်းတွေပြောဖြစ်တယ်။ CDM မှာ ပါဝင်တဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေက သူတို့သိချင်တာတွေ ကျွန်တော့်ဆီ ဖုန်းဆက်မေးကြပါတယ်။ သူတို့အမေးများဆုံးမေးခွန်းနှစ်ခုက -

(၁) CDM မှာ မပါဝင်တဲ့ ဝန်ထမ်းတွေကြောင့် CDM လုပ်တာ ထိရောက်ပါ့မလား။ ပြည်သူတွေ ဘယ်လောက်အသနားခံခံ မျက်နှာပြောင်တိုက်ပြီး ရုံးတက်နေကြတဲ့သူတွေကြောင့် CDM အောင်မြင်ပါ့မလား ?

(၂) CDM လုပ်တယ်ပြောပြီး၊ စာရင်းတွေပေးပြီးမှ အရှက်မရှိ ရုံးတွေပြန်တက်နေကြတဲ့ ကိစ္စကို ဘယ်လိုဖြေရှင်းသင့်သလဲ?

(၃) CDM လုပ်တဲ့ဝန်ထမ်းနည်းပြီး မလုပ်တဲ့ဝန်ထမ်းများနေရင် နောက်ဆက်တွဲ ဖြစ်လာနိုင်တာတွေ ?


ကျွန်တော့်အဖြေက ရိုးရိုးလေးပါပဲ။

CDM အောင်မြင်ဖို့အတွက်ဆိုရင် ဝန်ထမ်းအားလုံးပါဝင်မှဖြစ်မယ်လို့ လူတော်တော်များများက ယူဆကြပါတယ်။ အဲဒီ့တော့ ရုံးတက်နေတဲ့ဝန်ထမ်းတွေကိုကြည့်ပြီး စိတ်ပျက်အားငယ်ကြ၊ အားမလိုအားမရဖြစ်ကြ၊ ဒေါသထွက်ကြပါတယ်။

CDM မှာ ဝန်ထမ်းအားလုံးပါဝင်ရင် အကောင်းဆုံးဖြစ်ပေမယ့် တကယ်တမ်းက CDM အောင်မြင်ဖို့အတွက် ဝန်ထမ်းအားလုံးပါဝင်စရာမလိုပါ။
အချက်အလက်နဲ့တကွ နားလည်သလောက် ရှင်းပြပါ့မယ်။
CDM မှာ အဓိကအခန်းကဏ္ဍ(၃)ခု ရှိပါတယ်-
(၁) ပြည်သူ့ဝန်ဆောင်မှုကဏ္ဍ (Public Service Sector)
(၂) ဘဏ်လုပ်ငန်းကဏ္ဍ (Banking Sector)
(၃) အခွန်ကဏ္ဍ (Tax Sector) တို့ပဲ ဖြစ်ပါတယ်။
နံပါတ်(၁) ကဏ္ဍဖြစ်တဲ့ ပြည်သူ့ဝန်ဆောင်မှုကဏ္ဍမှာ CDM အောင်မြင်ရင် CDM တစ်ခုလုံးရဲ့ ၃၀ % အောင်မြင်ပါတယ်။ ပြည်သူ့ဝန်ဆောင်မှုကဏ္ဍမှာ အဓိကအရေးကြီးတဲ့ဌာနတွေဖြစ်တဲ့ ကျန်းမာရေး၊ ပညာရေး၊ လျှပ်စစ်နှင့်စွမ်းအင် ၊သယ်ယူပို့ဆောင်ရေး၊ ၊ အခွန် စတဲ့ ဌာနတွေဟာ လက်ရှိကောက်ခံရရှိတဲ့စာရင်းတွေအရ ၉၅ % ရာခိုင်နှုန်းကျော်/ ရာနှုန်းပြည့်နီးပါး  CDM အောင်မြင်ပါတယ်။ အဲဒီ့ဌာနတွေက ဝန်ထမ်းတွေဟာ ပြည်သူနဲ့အတူ သတ္တိရှိရှိရပ်တည်လျက်ရှိပါတယ်။ အဲဒီတော့ ပြည်သူကိုတိုက်ရိုက်ဝန်ဆောင်မှုပေးနေတဲ့၊ ပြည်သူကိုတိုက်ရိုက်အကျိုးပြုနေတဲ့၊ အစိုးရကိုငွေရှာပေးနေတဲ့ ဌာနကြီးတွေမှာ CDM အောင်မြင်တဲ့အတွက် CDM တစ်ခုလုံးရဲ့ ၃၀ % အောင်မြင်လျက်ရှိပါတယ်။

နံပါတ်- ၂ ကဏ္ဍဖြစ်တဲ့ ဘဏ်လုပ်ငန်းတွေနဲ့ပတ်သက်ပြီး ပြောရရင်လည်း အားရဝမ်းသာစရာပါပဲ။ လက်ရှိမှာ ပုဂ္ဂလိကဘဏ် (Private Bank) အကုန်လုံးပိတ်ထားပါတယ်။ CDM လုပ်ထားကြပါတယ်။ အစိုးရဘဏ်တွေဖြစ်တဲ့ ဗဟိုဘဏ်နဲ့ မြန်မာ့စီးပွားရေးဘဏ်တချို့ရယ်၊ မြဝတီဘဏ်နဲ့ အင်းဝဘဏ်တွေပဲ ဖွင့်တာပါ။ ပုဂ္ဂလိကဘဏ်တွေအားလုံး ပိတ်ထားကြပါတယ်။ 

ပုဂ္ဂလိကဘဏ်တွေပိတ်တယ်ဆိုတာလည်း အဓိကအချက်(၂)ချက်ရှိပါတယ်။ ပထမအချက်က ပြည်သူငြိုငြင်မှာကြောက်လို့၊ ဆုံးရှုံးမှာကြောက်လို့ပါ။ စစ်အာဏာရှင်ဘက်ကရပ်တည်ရင် ပြည်သူက တစ်သက်လုံး ဝိုင်းကျဉ်ကြမှာဆိုတော့ စီးပွားရေးသမားပီပီ လုပ်သင့်တာကိုလုပ်တာဖြစ်ပါတယ်။ ဖွင့်တဲ့ဘဏ်တွေကလည်း ငွေအထုတ်ပဲရှိပြီး အသွင်းမရှိတဲ့အတွက် မကြာခင်ပြိုလဲမှာဖြစ်ပါတယ်။ ဒုတိယအချက်ကတော့ သူတို့ကိုယ်နှိုက်က မတရားတာကို လက်ပိုက်မကြည့်ချင်လို့ ဖြစ်ပါလိမ့်မယ်။ 

ခြုံပြောရရင် ဘဏ်လုပ်ငန်း ငွေကြေးစီးဆင်းမှုမရှိတဲ့အတွက် Banking Sector အပိုင်းမှာလည်း CDM အောင်မြင်တယ်လို့ဆိုနိုင်ပါတယ်။ Banking အပိုင်း CDM အောင်မြင်ရင် CDM တစ်ခုလုံးရဲ့ ၄၀ % အောင်မြင်ပါတယ်။
နံပါတ်(၃) ကဏ္ဍဖြစ်တဲ့ အခွန်ကဏ္ဍကို ပြည်သူတွေက Second CDM လို့ တင်စားပြောဆိုကြပါတယ်။ ဘာလို့လဲဆိုတော့ ပြည်သူကိုယ်တိုင်ပါဝင်ပြီး CDM လုပ်နိုင်လို့ဖြစ်ပါတယ်။ အစိုးရဆီဝင်မယ့်အခွန်(ရေအခွန်၊ မီးအခွန်၊ စားသောက်အခွန် စတာတွေ)အားလုံး မပေးဘူး။ မဆောင်ဘူးဆိုရင် နိုင်ငံတော်ရဲ့ဝင်ငွေကို  ကြီးမားစွာထိခိုက်စေမှာဖြစ်ပါတယ်။ ထီမထိုးဘူး၊ ဘာအခွန်အဖြစ်ဖြစ် မဆောင်ဘူးဆိုရင် အခွန်ဘဏ္ဍာမှတစ်ဆင့် ငွေမရတဲ့အတွက် စစ်အာဏာရှင်တွေရဲ့ဝင်ငွေကိုထိခိုက်ပြီး အာဏာသက်ဆိုးမရှည်တော့ပါဘူး။ 
အဲဒီ့တော့ Second CDM အခွန်ကဏ္ဍမှာလည်း ပြည်သူက တက်တက်ကြွကြွပါဝင်လာတဲ့အတွက် အောင်မြင်တယ်လို့ပြောနိုင်ပါတယ်။ Second CDM အောင်မြင်ရင် CDM တစ်ခုလုံးရဲ့ ၃၀ % အောင်မြင်ပါတယ်။
အဲဒီတော့ အနှစ်ချုပ်ရရင် ကျွန်တော်တို့အခုလုပ်နေတဲ့ CDM အောင်မြင်သလား၊ မအောင်မြင်ဘူးလားဆိုတာ အဖြေထွက်လာပါလိမ့်မယ်။
ကျွန်တော်တို့ အခုဆက်လုပ်ရမှာက ဒီကဏ္ဍ(၃)ခုစလုံး CDM ဆက်လက်အောင်မြင်ဖို့အတွက် ဝန်းရံဖို့၊ ပါဝင်ဖို့၊ ထောက်ပံ့ကူညီပေးဖို့ပဲ ဖြစ်ပါတယ်။
ဘဏ်ငွေလည်ပတ်မှုရပ်တာနဲ့တစ်ပြိုင်နက် အာဏာရှင်ဝင်ငွေထိခိုက်ပြီး မဖြစ်မနေလုပ်ရမယ့်အလုပ်တွေ ဆက်လက်မလုပ်နိုင်တော့ပါဘူး။ ဝန်ထမ်းတွေကို လစာမပေးနိုင်တော့ပါဘူး။ ရဲနဲ့ စစ်တပ်အသုံးစရိတ်မပေးနိုင်တော့ပါဘူး။ အာဏာရှင်စီးပွားရေးတွေ အကြီးအကျယ်ထိခိုက်ပြီး စစ်အာဏာမထိန်းနိုင်တော့တဲ့အတွက် မဖြစ်မနေ အာဏာလွှဲရမှာပဲဖြစ်ပါတယ်။
အဲဒီတော့ ကျွန်တော်တို့ဝန်ထမ်းတွေရော၊ ပြည်သူတွေရော မဖြစ်မနေလုပ်ရမယ့်အလုပ်တွေကို ဖိအားပေးလုပ်မယ်၊ အရှိန်အဟုန်မြှင့်လုပ်မယ်ဆိုရင် CDM အောင်မြင်ပြီး အာဏာသိမ်းအစိုးရ အမြန်ဆုံး ပြုတ်ကြမှာပဲဖြစ်ပါတယ်။

ကျွန်တော့်အမြင်ပြောရရင်
(၁) သွေးကြောင်ပြီး ဘေးရှောင်နေတဲ့ဝန်ထမ်းတွေကို စည်းရုံးမနေပါနဲ့တော့။ သူတို့မှာ အသိစိတ်ဓာတ်ရှိရင်၊ အများအတွက်တွေးပေးရင် ဒီ(၂)ပတ်အတွင်း CDM ထဲပါလာမှာပါ။ အခုအချိန်ထိပါမလာတဲ့အတွက် လွမ်းမနေပါနဲ့တော့။ ရှိပြီးသား CDM သမားတွေကိုသာ အစွမ်းကုန် ကူညီပါ။ ထောက်ပံ့ပါ။ အားပေးပါ။ သူတို့ကို ဂုဏ်ပြု‌ပါ။
(၂) CDM စာရင်းပေးပြီးမှ ရုံးပြန်တက်နေတဲ့ဝန်ထမ်းတွေ၊ ဒီဘက်ကိုလည်း သစ္စာဖောက် ဟိုဘက်ကိုလည်း မျက်နှာလိုမျက်နှာရလုပ်နေတဲ့ဝန်ထမ်းတွေကြောင့် အာရုံမနောက်ပါနဲ့။ မစိုးရိမ်ပါနဲ့။ သူ့လမ်းနဲ့သူ သွားပါစေ။ သူ့သမိုင်း သူရေးပါစေ။ CDM အောင်မြင်ဖို့အတွက် အဓိကအရေးကြီးတဲ့ဌာနတွေက ဝန်ထမ်းတွေရှိနေရင် ဖြစ်ပါတယ်။ CDM အောင်မြင်ပါတယ်။ အဓိကက ကိုယ်ပါဝင်ဖို့ပါပဲ။
(၃) ဘဏ်လုပ်ငန်းတွေရပ်တံ့အောင်၊ ဘဏ်ငွေလည်ပတ်မှုရပ်တန့်အောင်လုပ်ခြင်းဟာ CDM အောင်မြင်ဖို့အတွက် အရေးကြီးတာမို့ ဆန္ဒပြတဲ့အခါ ဘဏ်တွေရှေ့မှာ စနစ်တကျ၊ စည်းစည်းလုံးလုံး ပြုလုပ်ကြပါ။
(၄) ဘာအခွန်မှ မဆောင်နဲ့။ ခပ်ချေချေနေပါ။ လူတိုင်း Second CDM မှာ ပါဝင်နိုင်ပါတယ်။ 
(၅) သူတို့ ရှုံးတော့မယ်ဆိုတာကို သူတို့သိနေတယ်။ ပြည်သူတွေ၊ ဝန်ထမ်းတွေက လက်တွဲညီညီဆောင်ရွက်နေကြတော့ လေသံတွေ အချိုးတွေပြောင်းလာကြပြီ။ ဝန်ထမ်းတွေကို ခြိမ်းခြောက်ချင်တိုင်း ခြိမ်းခြောက်၊ ဟောက်ချင်တိုင်းဟောက်နေရာကနေ လေသံအပျော့နဲ့ ရုံးပြန်တက်ဖို့ ခေါ်နေကြပြီ။ အခုနေပြန်လာတက်ရင် အရင်ကပျက်ကွက်တဲ့နေ့တွေကို နားလည်မှုနဲ့ အဆင်ပြေအောင်လုပ်ပေးမယ်၊ ပြန်လာခဲ့ပါတဲ့။ အနာဂတ်အတွက် စိတ်ပူလို့ပါ။ နှမြောလို့ပါတဲ့။ အစုံပါပဲ။ ချော့တိုင်း မပျော့သွားကြပါနဲ့။ ခြောက်တိုင်းလည်း မကြောက်ကြပါနဲ။ ဒီလူတွေ ဘယ်လိုစိတ်ဓာတ်ရှိတယ်ဆိုတာ ကာယကံရှင်တွေ အသိဆုံးမဟုတ်လား ။
(၆) ဘယ်အခြေအနေပဲရောက်ရောက် ပြည်သူအပေါ် သစ္စာမဖောက်ပါနဲ့။ လုပ်ဖော်ကိုင်ဖက်တွေအပေါ် သစ္စာမဖောက်ပါနဲ့။ ပိုက်ဆံတွေ၊ရာထူးတွေ ဆုံးရှုံးသွားတာဟာ ပြန်ရှာလို့ရပါတယ်။ လူဟာ ဂုဏ်သိက္ခာဆုံးရှုံးသွားရင် တစ်သက်လုံးအဖတ်ဆယ်မရတော့ပါ။
(၇) ဆန္ဒပြတာနဲ့ CDM လုပ်တာဟာ တစ်ခုနဲ့တစ်ခု ချိတ်ဆက်နေပါတယ်။ တစ်ဖွဲ့ကိုတစ်ဖွဲ့ Motivation ဖြစ်စေပါတယ်။ CDM လုပ်နေတဲ့သူတွေဟာ ဆန္ဒပြသူတွေရဲ့အခြေအနေကို စောင့်ကြည့်နေပါတယ်။ အလားတူပဲ ဆန္ဒပြနေတဲ့သူတွေဟာလည်း CDM သမားတွေရဲ့ အခြေအနေတွေကို စောင့်ကြည့်နေကြပါတယ်။ အပြန်အလှန် ကူညီပေးကြပါ။ တစ်ပြိုင်နက် အရှိန်အဟုန်မြှင့်ဆောင်ရွက်ကြပါ။
CDM အောင်မြင်ဖို့ ရက်ပိုင်းပဲလိုပါတော့တယ်။ ဒီလမကုန်ခင် ပြည်သူတွေရဲ့ မျှော်လင့်ချက်တွေ ပြည့်ဝတော့မှာပါ။
အခုတောင် စစ်အာဏာရှင်တွေဟာ ဘုရားကငွေတွေချေး၊ ဘဏ်ကို ဓားပြတိုက်၊ တခြားပါတီကငွေတွေကို အနုကြမ်းစီး၊ ငွေတိုက်စာချုပ်တွေရောင်းစားပြီး အာဏာသက်ဆိုးရှည်ဖို့ ကြိုးပမ်းနေရပြီ မဟုတ်လား ။
ဓာတ်ပုံ - မူရင်းတင်သူ
မိုးခ
(16.2.2021)
11:07 PM

Comments